Sunday, July 18, 2010

ကုသိုလ် ၊ အကုသိုလ် ဆိုတာ ....

ကုသိုလ် ဆိုတာ ... လောဘ၊ဒေါသ၊မောဟ မပါတဲ့ ကာယကံ၊၀ဇီကံ၊မနောကံ အလုပ်ကိုခေါ်တာ။

အကုသိုလ် ဆိုတာ ... လောဘ၊ဒေါသ၊မောဟ ပါတဲ့ ကာယကံ၊၀ဇီကံ၊မနောကံ အလုပ်ကိုခေါ်တာ။

Sunday, July 11, 2010

မေတ္တာသုတ်

ဖြစ်ပေါ်လာပုံအကျဉ်း

ရဟန်းငါးရာတို့ မြတ်စွာဘုရားထံမှာ ကမ္မဋ္ဌာန်းယူပြီး တောအုပ်ကြီးအတွင်း တစ်ပါးကျောင်းတို့ဖြင့် တရား အားထုတ်ကြတယ်။ ရဟန်းတို့ရဲ့ သီလကြောင့်ရုက္ခစိုးနတ်တို့လည်း သစ်ပင်တို့အပေါ် ( ရဟန်းများထက် မြင့်သော နေရာ) တွင်မနေနိုင်ကြတော့ပေ။ တစ်ဆယ့်ငါးရက်မျှကြာသေအခါ ရဟန်းတော်များ ဝါဆိုမယ်ဆိုတာ ကို သိကြသောကြောင့် ကြောက်လန့်ထွက်ပြေးအောင် အမျိုးမျိုးခြောက်လှန့်ပါတော့တယ်။ ရဟန်းတော်များလည်း စိတ်တည်ကြည်မှု( သမာဓိ ) မရသောကြောင့် တရားကို ကောင်းစွာ အားမထုတ်နိုင်ကြသောကြောင့် မြတ်စွာဘုရား ထံ လမ်းညွှန်မှုသွားယူရပါတယ်။ ရဟန်းများအတွက် ထိုတောအုပ်တွင်တရားရမည်ကို သိတော်မူ၍ မေတ္တာသုတ် ဟောကြားတော်မူခဲ့ပါတယ်။

အဓိပ္ပါယ်မှတ်စု

သုတ္တံ အပိုဒ် ၁၊၂ တွင် သုတ္တံ အမွှန်း နှင့် အကျိုးကို ဖော်ပြပေးထားပါတယ်။

အပိုဒ် ၃၊၄နှင့်၅ တို့တွင် ကျင့်ကြံအားထုတ်သူ အတွက် လိုအပ်တဲ့အချက်တွေကို ထည့်ဟောထားပါတယ်။ ကိုယ် နှုတ် နှစ်ပါး အလွန်အလွန်ရိုးသားဖြောင့်မတ်ရမည်။ စိတ်သဘောထားကောင်းစွာဖြောင့်မတ်ရမည်။ ကိုယ်နှင့်အသက်ကို မငဲ့ညာဘဲ သူတော်ကောင်းတရားကို ပြုလုပ်အားထုတ်စွမ်းနိုင်ရမည်။ ဆိုဆုံးမလွယ်သူ ၊ နူးညံ့သိမ်မွေ့သူ၊ သူတစ်ပါးအပေါ် မော်ကြွားထောင်လွှားသော မာန်မာနမရှိသူ ဖြစ်အောင်နေရမည်။

ရောင့်ရဲလွယ်သူ ၊ အမှုကိစ္စနည်းသူ ၊ ပေါ့ပါးသော အသက်မွေးခြင်းရှိသူ၊ ငြိမ်သက်သော အမှုယာရှိသူ ၊ ခွဲခြမ်း စိတ်ဖြာ နိုင်သော ရဲရင့်သော ဥာဏ်ပညာရှိသူ ၊ ရုန့်ရင်းကြမ်းတမ်းမှုမရှိသူ ၊ မက်မောတွယ်တာခြင်းမရှိသူ ဖြစ်အောင် နေထိုင်စေပါတယ်။

အပိုဒ် ၃၊၄ ကို ချုပ်လိုက်ရင်တော့ အပိုဒ် ၅ အစပိုင်း ( ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ ) တွင် ပညာရှိတို့ ကဲ့ရဲ့ ရှုတ်ချအပ်သော တစ်စုံတစ်ခုသော မကောင်းမှုကို အနည်းငယ်မျှတောင် မပြု လုပ် အပ်ပါ ဘူးလို့ ဟောကြားထားပါတယ်။

အပိုဒ် ၅ ( ဘူတာဝ သမ္ဘ ဝေသီ ဝ ) ဆိုတဲ့ နေရာကနေ အပိုဒ် ၈ အဆုံးအထိက မေတ္တာပို့ ထားပါတယ်။ လုံးစုံများစွာသတ္တဝါ ၊ ကြောက်တတ် မကြောက်တတ် ၊ ရှည် တို အလတ် ၊ လူအချင်းချင်း လည့်ပတ်ခြင်း စသည်ဖြင့် မေတ္တာပို့ပေးခြင်းကို အပိုဒ် ၈ အထိ ဟောကြားပေးထားပါတယ်။

မေတ္တာပို့ရတွင် ပွားများသူရဲ့  စိတ်ထားကအလွန် အရေးကြီးကြောင်းကို အပိုဒ် ၉ တွင် ဥပမာပေးပြီး ဟောထားပါတယ်။ မာတာယထာ နိယံပုတ္တ မာယုသာ ဧက ပုတ္တ မနုရက္ခေ သားတစ်ယောက်တည်းမွေးထားတဲ့ မိခင်က သူ့ရင်သွေးကို အဖန်တလဲလဲ အတိုင်းအစ မရှိတဲ့ မေတ္တာနဲ့စောင့်ရှောက်သလိုမျိုးပါ။ ကိလေသာ မာန မပါရှိ ၊ ရင်မှဖြစ်တဲ့ ဖြူစင်တဲ့ စိတ်က ဖြစ်လာတဲ့ မေတ္တာပါ။

အပိုဒ် ၁၀ ၊ ၁၁ နှင့် ၁၂ တို့တွင် မေတ္တာ ကမ္မဋ္ဌာန်း ပွားနေသူ အတွက် ထားမယ့် စိတ်အနေထား၊ အမူအယာကို အသေး စိပ် ထပ်ကြည့်နိုင်ပါတယ်။

လောက ၃ ပါး ရှိ သတ္တဝါများအပေါ်တွင်လည်း အပိုင်းခြားမရှိ အတိုင်းအသိ တဲ့ ချစ်ခင်မြတ်နိုးမှု မေတ္တာပွား စေရမှာဖြစ်ပါတယ်။

လျောင်း ၊ ထိုင် ၊ ရပ် ၊ သွား ဆိုတဲ့ အချိန်တွေမှာ အိပ်ငိုက်မှုမရှိတဲ့ ကာလအတွင်းမှာ မေတ္တာနဲ့ယှဉ်သော စိတ်ကို ထားနေခြင်း ဟာ မြတ်သောနေထိုင်ခြင်း ( ဗြဟ္မာ ဝိဟာရ )လို့ ဟောကြားထားပါတယ်။

လွှဲမှားသော အယူတို့မှ ကင်းပြီး သီလ တရားဖြင့် နေထိုင်ခြင်းဖြစ်လို့ ဥာဏ်အမြင်မှန်ကို ရစေနိုင်ပါတယ်..


နိဂုံး
မေတ္တာသုတ် ပါဠိတော်နှင့် ယှဉ်တွဲ ဖတ်ရှုလေ့လာ လျှင် အဆင်ပိုပြေပါလိမ့်မယ်။ မှတ်စု သဘောမျိုးရေး ထားခြင်းကြောင့် အကျယ်ရေးထားသော စာအုပ်များကို ဖတ်ရတွင်လည်းကောင်း ၊ သုတ်တော်ကို ရွတ်ဖတ် ပူဇော် ရတွင် အာရုံပြု နှလုံးသွင်းမှုတွင် လည်းကောင်း အကျိုးများနိုင်ပါစေ။

Saturday, July 10, 2010

မှတ်စရာ၊ဆင်ခြင်စရာ

ဌိတိသုခါ ၀ိပရိဏာမာ ဒုက္ခာ။

တည်နေစဉ် ချမ်းသာတယ် ၊ ရွေ့ သွားရင် ဆင်းရဲမယ်။

Wednesday, July 7, 2010

မဂ်တု ဆယ်ပါး

တရားအားထုတ်သော ယောဂီတို့မှာ ဥာဏ် ကြည်လင်လာသောအခါ သဒ္ဓမ္မပ္ပတရူက လို့ခေါ်တဲ့ တရားအတုတွေ (မဂ်အတုတွေ) ၀င်လာတတ်ကြသည်။ မဂ်အတုများကား ၁၀ ပါး ရှိ၏။
၁။ သြဘာသ = အလင်းရောင်
၂။ ဉာ ဏ = ဉာဏ်ထက်မြက်ခြင်း
၃။ ပီတိ = ၀မ်းသာမှု လွန်ကဲခြင်း
၎။ ပဿဒ္ဓိ = ကိုယ် စိတ် ငြိမ်းအေးနေခြင်း
၅။ သုခ = တစ်ကိုယ်လုံး ချမ်းသာမှု စိမ့်နေခြင်း
၆။ အဓိမောက္ခ = လွန်ကဲသော ယုံကြည်မှု သဒ္ဓါ ဖြစ်ခြင်း
၇။ ပဂ္ဂဟ = လုံ့လ ၀ီရိယ ဇွဲထက်သန်နေခြင်း
၈။ ဥပဋ္ဌာန = စွဲမြဲသော သတိကောင်းနေခြင်း
၉။ ဥပေက္ခာ = ၀ိပဿ နုပေက္ခာ နှင့် အာဝဇ္ဇနုပေက္ခာ တို့ ဖြစ်ခြင်း
၁၀။ နိကန္တိ = ရှေ့ ပိုင်း ကိုးမျိုးကို နှစ်သက်တွယ်တာခြင်း

ဝိပဿနာအားထုတ်၍ ယောဂီ၏ ဉာဏ် ကြည်လင်သောအခါ အဖြစ်အပျက်တွေကို မြင်လာနိုင်၏။ ထိုအခါ ဆိုခဲ့ပြီးသော မဂ်တု တစ်မျိုးသော် လည်းကောင်း၊ နှစ်မျိုးသော် လည်းကောင်း ဖြစ်ပေါ်လာတတ်၏။
ဝိပဿနာ မကျွမ်းကျင်သူတို့က ' ဒါ မဂ်ပဲ ' ဟု ဆိုတတ်ကြ၏။ 'တော်ပြီ' ဆိုပြီး ရှေ့ ဆက် အားမထုတ်တော့။ ဤသို့ကြောင့် တရားမတိုးတက်ဘဲ ဖြစ်နေတတ်ပါသည်။

(ဆန်းလွင် စီစဉ်တင်ဆက်သော ၀ိပဿနာရှုနည်း လက်စွဲကျမ်း - မှ)

Saturday, July 3, 2010

သရဏဂုံ အဓိပ္ပါယ်

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

ဗုဒ္ဓံ - သစ္စာလေးပါး မြတ်တရားကို ၊ ပိုင်းခြားထင်ထင် ၊ ကိုယ်တိုင်မြင်၍ ၊ မြင်စေဟောကြား ၊ မြတ်စွာဘုရားကို၊

သရဏံ - ဘေးရန်ပယ်ဖျောက် ၊ ချမ်းသာရောက်အောင် ၊ စောင့်ရှောက်တော်မူတတ်သဖြင့် အမြတ်ဆုံး ကိုးကွယ်ရာ ဟူ၍၊

ဂစ္ဆာမိ - ယုံကြည်သိမှတ် ၊ ဆည်းကပ်ကိုးကွယ်ပါ၏ အရှင်ဘုရား။

ဓမ္မံ သရဏံ ဂစ္ဆာမိ။

ဓမ္မံ - မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ပရိယတ်၊ ဆယ်ဖြာသော တရားတော်မြတ်ကို၊

သရဏံ - ဘေးရန်ပယ်ဖျောက် ၊ ချမ်းသာရောက်အောင် ၊ စောင့်ရှောက်တော်မူတတ်သဖြင့် အမြတ်ဆုံး ကိုးကွယ်ရာ ဟူ၍၊

ဂစ္ဆာမိ - ယုံကြည်သိမှတ် ၊ ဆည်းကပ်ကိုးကွယ်ပါ၏ အရှင်ဘုရား။

သံဃံ သရဏံ ဂစ္ဆာမိ။

သံဃံ - သမုတိသံဃာ၊ အရိယာသံဃာ နှစ်ဖြာသော သံဃာတော်မြတ်အပေါင်းကို၊

သရဏံ - ဘေးရန်ပယ်ဖျောက် ၊ ချမ်းသာရောက်အောင် ၊ စောင့်ရှောက်တော်မူတတ်သဖြင့် အမြတ်ဆုံး ကိုးကွယ်ရာ ဟူ၍၊

ဂစ္ဆာမိ - ယုံကြည်သိမှတ် ၊ ဆည်းကပ်ကိုးကွယ်ပါ၏ အရှင်ဘုရား။

(ဒေါက်တာမင်းတင်မွန် ၏ မြတ်သရဏဂုံ မှ)

Thursday, July 1, 2010

ဗျာပါဒ နှင့် အဗျာပါဒ ၀ိတက်

ဗျာပါဒ ဆိုသည်မှာ သူတပါးကို ပျက်စီး စေလို ၊ သေစေလိုသော ဒေါသဖြစ်ပါသည်။ ထို ဒေါသနှင့် ယှဉ်သော အကြံကို "ဗျာပါဒ ၀ိတက်" ဟုခေါ်ပါသည်။

အဗျာပါဒ သည် ဒေါသနှင့် ဆန့်ကျင်ဘက်ဖြစ်သော မေတ္တာဖြစ်ပါသည်။ ထိုမေတ္တာနှင့် ယှဉ်သော အကြံ ( သတ္တ၀ါ အများကို ချမ်းသာစေလို ၊ ချမ်းသာအောင် ပြုလုပ်လိုသော အကြံ) များကို အဗျာပါဒ ၀ိတက် ဟုခေါ်ပါသည်။

ဝိဇ္ဖာ သုံးပါး (ဥာဏ်သုံးပါး)

၁။ ပုဗ္ဗေနိဝါသာ နုဿတိ ဥာဏ်
ရှေးရှေးဘ၀တို့ ၌ ကြုံတွေ့ ခဲ့သမျှကို ပြန်၍ အောက်မေ့နိုင်သော ဥာဏ်

၂။ ဒိဗ္ဗ စက္ခု ဥာဏ်
နတ်မျက်စိကဲ့သို့ ဝေးကွာသော အဆင်း ၊ သေးငယ်သော အဆင်းကို မြင်နိုင်သော ဥာဏ်

၃။ အာသ၀က္ခယ ဥာဏ်
ကိလေသာ အာသဝေါ တို့ ကို ကုန်စေနိုင်သော အရဟတ္တ မဂ် ဥာဏ်