Sunday, June 20, 2010

ဒိဋ္ဌိမပြုတ်ရခြင်းအကြောင်း

ပြင်ပ ၀တ္ထု ၊ ပြင်ပ ပုဂ္ဂိုလ် တစ်ခုခုကို အားကိုးနေသမျှ
အဲဒီ အရာကသာ စိတ်ချမ်းသာမှု ၊ ကောင်းရာဂတိ ပေးနိုင်တယ်လို့
ယုံကြည်နေသမျှ မိစ္ဆာဒိဋ္ဌိ မပြုတ်။ ။

အရှင်ဆေကိန္ဒ
(မဟာသတိပဋ္ဌာန်)

အ၀ိဇ္ဇာ

သိသင့်တာကို မသိရင် ... " အ၀ိဇ္ဇာ "
မသိသင့်တာကို သိရင် ... " အ၀ိဇ္ဇာ "

ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ

Saturday, June 19, 2010

ဘ၀များစွာ သံသရာ

ဘ၀များစွာ သံသရာမှာ
လူနတ်ခါခါ ဗြဟ္မာမယွင်း
တက်ဆင်းဖူးခဲ့ပြီ။

လေးဘုံပါယ်ရွာ ခေါက်ပြန်လာလည်း
တဏှာရှင်းရှင်း မကင်းလေတော့
ဘ၀တွေခင်သည်။

မြင်မှန်မရ သံသယမရှင်း
ဓလေ့စွဲတွေ မယွင်းလေတော့
လည်နေဦးမပေါ့ (ဒီ) သံသရာ။

ကျင်လည်စဉ်ကာလ
ဘ၀ကိုယ်စီမှာ
ဒုက္ခတွေဟာ ရာထောင်မက
ဆိုနေကြလည်း ...
အနိစ္စ မမြင် အနတ္တ မထင်သရွေ့
နှင်ဟေ့ ဒီခရီး ဘယ်နေ့ ပြီးမလဲ ...

အမှားယူစွဲ တလွဲကိုးကွယ်
"ငါ" စွယ် မကျိုး မာနခိုးတွေနဲ့
တွေဝေနေခဲ့ အနန္တ အသင်္ချေ
မိုက်နေသမျှ ...
မဆုံးနိုင်ကြ ဘ၀ အထွေထွေ
ရနေဦးမည်မလွဲ..
ကဲ...
ဘယ်လို (ဘယ်နေ့) လွတ်အောင်ရုံးကြမလဲ .... ??? ။ ။

မောင်ဧည့်သည်

မေတ္တာ နှင့် သစ္စာ

* မိတ်ဆွေရဲ့ နှလုံးသားမှ
ပေါက်ဖွားလာတဲ့ စိတ်ဓါတ်မျိုးကို " မေတ္တာ " ။

* ပကတိ သရုပ်ကို ၊ မဖုံးမအုပ်ဘဲ၊
အရှိအတိုင်း ဖော်ထုတ်ပြောတာ .. " သစ္စာ " ။

(အရှင် နန္ဒမာလာဘိဝံသ)

ဥပါဒါနက္ခန္ဓာငါးပါး နှင့် ဝိပဿနာ

သတ္တဝါတို့ရဲ့ စွဲလမ်းမှု( ဥပါဒါန် ) တရားက ခန္ဓာ ငါးပါး အပေါ်မှာ တဏှာ၊ဒိဋ္ဌိ တို့ရဲ့ ခြယ်လှယ်မှုကြောင့် အဝိဇ္ဇာ တရားတွေ နဲ့ သံသရာစက်ကို လည်စေခဲ့ပါတယ်။

ခန္ဓာငါးပါး ( ရုပ်၊နာမ် နှစ်ပါး ) တရားတွေအပေါ်မှာ ဖြစ်ပေါ်နေတဲ့ စွဲလမ်းမှုကို အမှီပြု၍ ဥပါဒါနက္ခန္ဓာငါးပါးမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတိုင်းဟာ ဝိပဿနာ ရှုရမဲ့ တရားတွေပါ..

ရုပ်၊နာမ် တရားအပေါင်းတို့အပေါ်မှာ တဏှာက သာယာမှုဖြင့်လည်းကောင်း၊ ဒိဋ္ဌိက အထင်အမြင်မှားဖြင့်လည်းကောင်း စွဲလမ်းမှု ( ဥပါဒါန် ) ဖြစ်စေပါတယ်။ အဲဒါကြောင့်လည်း ဥပါဒါနက္ခန္ဓာ ဟာ သတ္တဝါတွေအပေါ်မှာအစဉ်မပြတ် တွေ့နေရမဲ့ တရားအစုတွေပါ။

ခန္ဓာငါးပါးနဲ့ ဥပါဒါန်၊တဏှာ၊ဒိဋ္ဌိ အလုပ်လုပ်ပုံလေးကို ဒီနေရာမှာ အကြမ်းဖျင်းပြောကြည့်ရအောင်။ ရုပ်တရားတစ်ခုကိုမြင်တယ်ဆိုကြပါဆို့။ ( ဓါတ် သဘောတွေကို နောက်ပိုင်း အချိန်ရတဲ့အခါ ထပ်ဆွေးနွေးပါမယ် )။ မြင် စတွင် မြင်သိရုံမျှစိတ် ဝိညာဏက္ခန္ဓာ နာမ်ခန္ဓာ တစ်ခုစပေါ်ပါပြီ၊ မြင်လို့ကောင်းတာ မကောင်းတာကိုလိုက်ပြီးဆုံးဖြတ်ပြီးရင် ခံစားတဲ့ ဝေဒနာက္ခန္ဓာ ပေါ်လာတယ်၊ အဲဒီ အာရုံကလေးကိုလည်း မှတ်သားလိုက်ပြန်တော့ သညာက္ခန္ဓာ ၊ ကာလလေးတစ်ခုအတွင်းမှာ မြင်အောင်လို့စူးစိုက်၊အားထုတ်ပြီး နှလုံးသွင်းထားရတာမို့ နောက်ဆုံးမှာ သင်္ခါရက္ခန္ဓာ ပေါ်ပါတယ်။

မြင်ခိုက်မှာ မရှုလိုက်မိတဲ့အခါမှာ ထိုရုပ်တရားဟာအရင်ကလည်းရှိနေတယ် အခုလည်းရှိ နေတယ်ဆိုတဲ့ ခိုင်မြဲတဲ့ အယူရှိသွားတယ်။ မြင်ရမှု၊ခံစားရမူ၊မှတ်သားရမှု၊အားထုတ်ရမှုအပေါ်မှာ လည်း ငါလုပ်နေတယ်လို့မှတ်သားတယ်။

ထိုအတူ ကြား၊နံ၊စား၊တွေ့ထိ၊ကြံသိ ချင်းတွေအပေါ်မှာလည်း တဏှာ၊ဒိဋ္ဌိ တွေဖြစ်စေပါတယ်။

အမှန်အတိုင်း သိမှတ်နေ ရှုမှတ်နေ မှသာလျှင် ဝိပဿနာဥာဏ်ဖြစ်မှာပါ။ စွဲလမ်းနိုင်ရာ၊ငါးခန္ဓာ မှန်စွာရှု၍ ဝိပဿနာဥာဏ် တွေတိုးပွားနိုင်ကြပါစေ။

ဝေါဟာရ

စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါး ( ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊ဝိညာဏ် )၊

သံသရာ နယ်ကိုချဲ့စေတဲ့ တရားတွေက အဝိဇ္ဇာ နှင့် တဏှာ

ဥပါဒါန် ( စွဲလမ်းမှု )..

တဏှာ ( တပ်မက်လိုချင်မှု )..

ဒိဋ္ဌိ ( လွဲမှားစွာ ယူဆမှု ).



အညွှန်း

ဝိပဿနာ အခြေခံတရားတော်
မဟာစည် ဆရာတော် ဘုရားကြီး

Wednesday, June 16, 2010

အဘိဇ္ဈာ ၊ ဗျာပါဒ နှင့် မိစ္ဆာဒိဋ္ဌိ

အတွေးနဲ့ ပတ်သက်လာရင် အတွေးသုံးမျိုးကို မတွေးနဲ့တဲ့ ၊ တွေးလို့ရှိရင် လူဖြစ်ကျိုး မနပ် ဖြစ်လိမ့်မယ်။

- မကောင်းတဲ့ အတွေးဟာ ဘာလဲ ဆိုရင် သူများပစ္စည်း ကိုယ့်ပစ္စည်း ဖြစ်ချင်တဲ့ အတွေး ၊ ဒါကို အဘိဇ္ဈာ လို့ခေါ်တယ်။ အဘိ ဆိုတာ သူများပစ္စည်းကို ဦးတည်ပြီး ၊ ဇ္ဈာ ရချင်တဲ့ စိတ်နဲ့ စိတ်ကူးတယ် လို့ ဆိုလိုတာ။
သူများပစ္စည်းကို ကိုယ်ပိုင်ဆိုင်ချင်တဲ့ အတွေးဟာ ဘာကို ဖြစ်စေတတ်တဲ့ အတွေးလဲ၊ သူခိုး ဓားပြ ဖြစ်စေတဲ့ အတွေး မဖြစ်ဘူးလား၊ အေး ... အဲဒီ အတွေးဟာ အန္တရာယ် ရှိတဲ့အတွေး ၊ အကုသိုလ် အတွေး ၊ မနောဒုစရိုက် လို့ ခေါ်တယ်၊ သူများ ပစ္စည်းကို ကိုယ့် ပစ္စည်း ဖြစ်လိုမှု ဆိုတဲ့ အတွေး တွေးမိလို့ ရှိရင် ဒီ အတွေးဟာ မှားတယ်။ ဒီ အတွေးမျိုး မတွေးသင့်ဘူး။ ဒီ အတွေးကို ရှောင်ရမယ်။

- နောက် ဗျာပါဒ ၊ ဘာလဲဆိုရင် ကိုယ်နဲ့ မတည့်တဲ့ လူတစ်ယောက် စိတ်ထဲပေါ်လာရင် "ဟာ ဒီကောင် သေသွားရင် ကောင်းမှာပဲ ၊ ဒီကောင် စီးပွားတွေပျက်သွားရင် ကောင်းမှာပဲ။ ဒီကောင် ဒုက္ခရောက် ထောင်ကျသွားရင် ကောင်းမှာပဲ " ဆိုတဲ့ အတွေး ၊ ဒီ အတွေးမျိုး တစ်ချို့ မတွေးကြဘူးလား ။ အဲဒီ အတွေးကို ဗျာပါဒ အတွေးလို့ ခေါ်တယ်။ အဲဒီ အတွေးမျိုး ကို ရှောင်ရှားဖို့ လိုတယ်။ လူဖြစ်ကျိုး နပ်ဖို့ ရန် အတွက် အဲဒီ အတွေးမျိုး မတွေးမိစေနဲ့။

- နောက် တစ်ခုက "မိစ ၦာဒိ႒ိ" ၊ မိစ ၦာဒိ႒ိ ဆိုတာ ကိုယ္လုပ္တာ ကိုယ်နဲ့ ဆိုင်တယ် လို့ မတွေးဘူး။ ကောင်းတာလုပ်လဲ ကောင်းတာ မဖြစ်ပါဘူး။ မကောင်းတာ လုပ်လဲ ကောင်းတာဖြစ်တာပဲ၊ မကောင်းတဲ့ လူတွေ ကြီးပွားနေတာ ရှိတာပဲ၊ ကောင်းတဲ့ လူတွေ ဒုက္ခရောက်နေကြတယ် .. စသည်ဖြင့် ကံကို မျက်စိလည်နေတတ်ကြတယ်။
တကယ်တော့ မကောင်းတာလုပ်ပြီး ကြီးပွားနေတာတွေဟာ တစ်ချိန်တုန်းက ကောင်းတာ လုပ်ခဲ့လို့ ကောင်းကျိုးကို ခံစားနေရတယ်လို့ ဒီလို တွက်ရမယ်။ ဟုတ်တယ် မို့လား၊ ကိုယ်က ခုမှ ကောင်းတာတွေလုပ်တာ ၊ အကျိုး မပေးသေးဘူး။ အခုမှ သရက်ပင်စိုက်တာ၊ သရက်သီး စားရပါ့မလား။ မစားရပါဘူး။ ကောင်းတာ အခုမှ လုပ်တာ၊ မကောင်းတာတွေ ကြုံနေရတယ်။ အတိတ်က မကောင်းတာတွေ ဘယ်လောက် လုပ်ခဲ့မှန်းမှ မသိတာ။
မှန်ကန်တဲ့ အတွေးမှာ ကံဆိုတာ ရှိတယ်။ ကံကို ငြင်းပယ်တာ အကိရိယ ဒိဋ္ဌိ လို့ ခေါ်တယ်။ ကုသိုလ်ဆိုတာ မရှိပါဘူး ၊ အကုသိုလ် ဆိုတာ မရှိပါဘူးဆိုတဲ့ ငြင်းပယ်တဲ့ ၀ါဒကို အကိရိယ ၀ါဒ လို့ ခေါ်တယ်။ အကိရိယ ဒိဋ္ဌိ ဆိုတာ ကံကို လုံးဝ မယုံဘူးလေ။ နောက် နတ္ထိကဒိဋ္ဌိ ဆိုတာ ကံရဲ့ အကျိုးတရားကို လက်မခံဘူး၊ မကောင်းတာ လုပ်လဲ မကောင်းကျိုး မဖြစ်ဘူး ကောင်းတာလုပ်လဲ ကောင်းကျိုး မဖြစ်ဘူး လို့ အကျိုးတရားကို ငြင်းပယ်တဲ့ ၀ါဒ။ နောက်တစ်ခုက အဟေတုကဒိဋ္ဌိ ၊ အကြောင်း တရားကို ငြင်းပယ်တာ၊ ပေါင်းလိုက်လို့ ရှိရင် ကံ နှင့် ကံ၏ အကျိုးကို ငြင်းပယ်တဲ့ ပုဂ္ဂိုလ် ဟာ မိစ္ဆာ ဒိဋ္ဌိ အမြင်ရှိသူသာ ဖြစ်တယ်။
အဲဒီလို မိစ္ဆာဒိဋ္ဌိ အယူဝါဒ ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကောင်းရာ သုဂတိတောင် မရောက်နိုင်ဘူးတဲ့၊ သူသွားရမယ့် လမ်းကတော့ အပါယ် (၄) ဘုံပဲ။ ဘာလို့ တုန်းဆိုတော့ သူက ကံကို ငြင်းပယ်ထားတော့ သူလုပ်ချင်တာ လုပ်တော့မှာလေ။ လုပ်ချင်ရာလုပ်တယ်ဆိုတဲ့ နေရာမှာ လူတွေက ဘာလုပ်ချင်သလဲ ဆိုရင် မကောင်းတာဘဲ လုပ်ချင်ကြတာ များတယ်လေ။ အဲဒီ တော့ သူလုပ်ချင်တာလုပ်တော့မယ်။

လူဆိုတာ အထိန်းအကွပ်နဲ့နေရတယ်။ အထိန်းအကွပ် မရှိဘဲ လုပ်ချင်တာလုပ်ဆိုရင် မကောင်းတာပဲ လုပ်ကြတော့မယ်။ ကောင်းတာဆိုတာ ရေဆန် လှော်ခတ်ရတာနဲ့ တူတယ်။ အထက်ဆန်တက်ရတာ။ ရေဆန်ဆိုတာ သွားလို့ ခက်တဲ့ နေရာတစ်ခုပေါ့နော်။ မကောင်းတာ လုပ်တယ်ဆိုတာ ရေစုန်နဲ့ တူတယ်။ လွယ်တယ် ၊ မျှောချရုံပဲ။

အေး ... ဒါကြောင့်မို့ အတွေးနဲ့ ပတ်သက်လာလို့ရှိရင် ခုနက ပြောတဲ့ အတွေးတွေ မတွေးနဲ့တဲ့၊ တွေးမိပြီဆိုရင် မကောင်းတဲ့ စိတ်ဓါတ်တွေ ကိုယ့် သန္တာန်မှာ ကိန်းဝပ်သွားတယ်။ ကိန်းဝပ်သွားလို့ ရှိရင် အကြောင်းရှိက ပေါ်လာလိမ့်မယ်။ အကြောင်းရှိက ပေါ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို တွေးကြည့်ပါ။

အရှင် နန္ဒမာလာဘိဝံသ

Friday, June 11, 2010

ဝိပဿနာဆိုတာ

ဝိပဿနာဆိုတာ ခန္ဓာမှာ
ပညာရှေ့ သွားရှုရမည်။
ပညာရှေ့ သွားရှုသူအား
နှစ်ပါး ရုပ်နာမ် တွေ့ရမည်။
ရုပ်နာမ် မှန်စွာ မြင်တွေ့လာ
ဥာဏ်ဟာတက်လာသည်။
ရုပ်နာမ်ခြင်းရာသိဖို့ရာ
ဆက်ကာကြိုးစားရှုရမည်။
အခိုင်းသမားနာမ်တရား
လုပ်သား ရုပ်ဖြစ်သည်။
ရုပ်နာမ်နှစ်ဖြာ ခိုင်းလုပ်တာ
ဆက်ကာရှုရမည်။
ခိုင်းသားနာမ်လည်း ခိုင်းရင်းပဲ
မမြဲပျက်ရသည်။
လုပ်သားရုပ်လည်း လုပ်ရင်းပဲ
မမြဲပျက်ရသည်။
ရုပ်နာမ်ခြင်းရာ မြင်တွေ့လာ
ဥာဏ်မှာ ငြီးငွေ့ ရပေမည်။
ငြီးငွေ့ ပျင်းလာ တပ်မက်တာ
ကင်းကာ နိဗ္ဗာန် ရပေမည်။ ။
(ဓမ္မဒူတ ဆရာတော်ကြီး ဟောကြားသော လမ်းညွှန်တရားဆောင်ပုဒ်များ - မှ)

Sunday, June 6, 2010

မျက်ဖြေသံဝေဂ လင်္ကာ

သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ ပျက်လင့်ကာသာ
ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့် ကြငှာန်းလည်းခံ
မတ်ပေါင်းရလျက် ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ မင်းချမ်းသာကား
သမုဒ္ဒရာ ရေမျက်နှာထက်
ခဏတက်သည့် ရေပွက်ပမာ
တစ်သက်လျာတည်း။
ကြင်နာသနား ငါ့အားမသတ်
ယခု လွှတ်လည်း မလွတ်ကြမ္မာ
လူတကာတို့ ခန္ဓာခိုင်ကြည်
အတည်မမြဲ ဖောက်လွဲတတ်သည်
မချွတ်စသာ သတ္တ၀ါတည်း။
ရှိခိုးကော်ရော် ပူဇော်အကျွန်
ပံခဲ့တုန်၏ ခိုက်ကြုံဝိပါတ်
သံသရာစက်၌ ကြိုက်လတ်တုံမူ
တုံ့မယူလို ကြည်ညိုစိတ်သန်
သခင်မာန်ကို ချန်ဘိစင်စစ်
အပြစ်မဲ့ရေး ခွင့်လျှင်ပေး၏
သွေးသည် အနိစ္စာ
ငါ့ခန္ဓာတည်း။ ။

အနန္တသူရိယ အမတ်ကြီး

သင်္ခါရ

မနေ့ကပဲ
မနက်ကလေးတင်ပဲ
ခုနကလေးတင်ပါပဲ
.....
ငါ အခါခါ ဆောက်ခဲ့
ဂုဏ်တွေ .. ငွေတွေ ..
အတ္တတွေ
ကြည့်လိုက်..
ခု ..
ဘာမှမရှိတော့ဘူး..။ ။
မောင်ဧည့်သည်